Thursday, July 24, 2014

ညတ၀က်

ညက ငြိမ်သက်လို့ နေသည်။ တိတ်ဆိတ်လွန်းလှသည်တော့လည်း မဟုတ်ချေ။ မကြာမီက ရွာထားသော မိုးစက်အကြွင်းအကျန်တို့ အိမ်တံစက်မြိတ်အစွန်းမှ တပေါက်ပေါက်ကျသံကို ကြားနေရသည်။အခုရက်ပိုင်း မိုးက ရက်ဆက်ပြီးရွာသည်။ ဒီကနေ့ လည်း တစ်နေကုန် တစိမ့်စိမ့်ရွာသည်။ တော်တော်ကြီး မိုးချုပ်မှ ရပ်သွားခဲ့ သည်။
ခြေရင်းလမ်းကြားမှ လမ်းမီးလင်းနေသည်ကို အတိုင်းသားမြင်နေရသည်။
အိမ်ထဲမှာတော့ မှောင်မည်းနေလေသည်။

တရေးနိုးတာပါလား ဆိုတဲ့ အသိကြောင့် နာရီကို အလိုလိုကြည့်မိသည်။
သန်းခေါင်ကျော်ပြီးလို့ မိနစ် ၄၀။ အိပ်ပျော်တာ ၂နာရီပင် မပြည့်သေးပေ။ ဘာလို့ ခဏလေးနဲ့ ပြန်နိုးလာရတာလဲ။
သြော် ….. သိပြီ ကျွန်မ နေမကောင်းဖြစ်နေတာ။ အနည်းငယ် ကိုယ်ပူဖျားပြီး အိပ်ပျော်သွားခြင်းဖြစ်လေသည်။




မိုးမိပြီး အ၀တ်စိုတွေ မလဲမိတဲ့ အခါ ခြေတွေလက်တွေ ကိုက်ခဲ နာကျင်နေတတ်ခဲ့ တာ ၃ကြိမ် ၄ကြိမ်လောက် ရှိပြီထင်သည်။ အခုတစ်ခေါက် မိုးရက်တွေမှာ ထိုဝေဒနာ ပိုပြီးဆိုးလာတာကိုလည်း သတိထားမိခဲ့သည်။ မသွားလို့ မဖြစ်တဲ့ ကိစ္စတွေ အတွက်သာ အပြင်ကိုထွက်ဖြစ်ပေမယ့်
တစ်နေ့ လုံးရွာနေတဲ့ မိုးကို ရှောင်မရနိုင်ခဲ့ခြင်းဖြစ်သည်။

မအိပ်ခင်က ဒဏ်ကျေလိမ်းဆေးတွေ တစ်ကိုယ်လုံးပူထူနေအောင်ပင် လိမ်းထားခဲ့သည်။အခုတော့ ခြေထောက် ၂ချောင်းက နည်းနည်းလေးတောင် ရွှေ့ မရနိုင်အောင် လေးလံလွန်းလှသည်။တစ်စုံတစ်ရာနှင့် အပြင်းအထန်ရိုက်နှက်ခံထားရသလို နာကျင်လွန်းလှသည်။ကျွန်မ ခြေထောက် တော်တော်အခြေအနေဆိုးနေသည်ပင်။

လက်နှစ်ဖက်ကတော့ နာကျင်လှပေမယ့် လှုပ်ရှားလို့ ရနေသေးသည်။နောက်ထပ်ပြီး အရင်က  မသိခဲ့ မရှိခဲ့ တဲ့ ဝေဒနာတစ်မျိုး ထပ်တိုးခံစားနေရပြီဆိုတာကို သိလာသည်။ ကျွန်မ၏ ဦးခေါင်း ဘယ်ညာ ငဲ့ စောင်းကြည့်ဖို့ တောင် မစွမ်းနိုင်တော့။ နားထင်ကြော တစ်ဝိုက်တင်းပြီး နာလှသည်။ နောက်စေ့ မှာ သံနှင့် ရိုက်သွင်းထားသလို စူးစူးဝါးဝါး နာသည်။ ဇက်ကြောထဲမှာ တစ်ခုခုက ဆွဲထားသလို နာသည်။ သမားရိုးကျ ဖျားနာတာမျိုးသာ ဖြစ်ပါစေ။ ကျွန်မ အလွန်ထိတ်လန့် နေမိပြီဖြစ်သည်လေ။

အတွေးများတတ်သူပီပီ ကျွန်မစပြီး တွေးနေမိပါပြီ။ ကျွန်မ၏ လက်ရှိပြသနာ နာကျင်ရခြင်းဝေဒနာနှင့် ပတ်သက်၍ကျွန်မ အတွေးပွားတေနေရချေပြီ။ ဆေး၊ ဆေးခန်းနှင့် ဆရာဝန်ကို အလွန်ကြောက်သော ကျွန်မ မနက်ဖြန်မိုးလင်းတာနဲ့ ဆရာဝန်ပြဖို့ ရာ တွေးနေရပြီ။ ခေါင်းထဲက အနေအထားကို သိဖို့ CT ရိုက်ခိုင်းလေမလား။ အဲဒီက ဘယ်လို အဖြေထွက်လာလေမလဲ။ ကျွန်မ အတွေး မဆုံးနိုင်တော့ပါ။ သေလောက်သည့်ရောဂါ တစ်မျိုးမျိုး စွဲကပ်နေသည်လား။ ဆရာဝန်၏ ပါးစပ်မှ ကျွန်မအသက်ရှင်နေထိုင်ရမည့် အချိန်ကာလကို သတ်မှတ်ပေးလိုက်ရသည့် အခြေအနေမျိုးအထိလည်း ဖြစ်နေနိုင်သည်။ ကျွန်မတွေးတာ သိပ်လွန်နေပြီလားဆိုတာ မသိပေမယ့် အဆိုးဆုံး အခြေအနေထိ မျှော်လင့်ကာ စိတ်ကို အဆင်သင့်ပြင်ထားခြင်းသည်လည်း အမှားမဟုတ်ဟု ကျွန်မထင်သည်။

ဟုတ်ပါသည်။ အသက်ရှင်ခွင့် ဘယ်လောက်ကျန်နေသေးသလဲဆိုတာ သိထားရင် ဘာတွေလုပ်ရမယ်ဆိုတာ ကြိုစီစဉ်နိုင်သည်လေ။ ဦးခေါင်းကိုက်ခဲမှုနှင့် ဆက်စပ်ပြီး ကျွန်မ၏ သက်တမ်းကို ကြိုပြီးသိခဲ့ ရပါလျှင် ကျွန်မ ဘာကို ဘယ်ကစ လုပ်ကိုင်ရပါ့မလဲ။ ကျွန်မကြိုပြီးစဉ်းစားနေရသည်။ ကျွန်မ အဖြစ်ချင်ဆုံးအရာများ၊ အလုပ်ချင်ဆုံး အရာများကို စာရင်းပြုစုရပေမည်။ ထိုစာရင်းများတွင် သေလွန်ပြီးနောက်ဘ၀အတွက် အစီအစဉ်များ ပါချင်မှပါပေလိမ့်မည်။ယခုလက်ရှိဘ၀မှာပင် ကျွန်မလုပ်ချင်သော အလုပ်များ များပြားလွန်းသည်။ သေရင်ထားခဲ့ ရမည့် အရာများဆိုတာ မှန်ပေမယ့် ကျွန်မကိုယ်ကျွန်မ ကျေနပ်နေချင်သည်။ မသေခင် သွားချင်သည့်နေရာတွေ များလှသည်။ မသေခင် စားချင်သည့် အစားအစာများလည်း ရှိသေးသည်။ ထို့ အပြင် ကျွန်မအလွန်တွေ့ ချင်သော လူပုဂ္ဂိုလ်အချို့ လည်းရှိနေလေသည်။ ကျွန်မ၏စိတ်မှ အမှန်တကယ် ရင်းနှီးတွယ်တာရပါသော ကျွန်မ၏ ဒုတိယဘ၀မှ ပုဂ္ဂိုလ်အချို့ ဖြစ်သည်။ ကျွန်မမသေခင် သွားရောက်တွေ့ ဆုံနှုတ်ဆက်ချင်လှသည်။ ထိုထိုသော လောဘများ ပြည့်နှက်နေကာ တမလွန်ခရီးအတွက် ကိုယ့်နောက်ပါမည့် အထုပ်ကို မပြင်ဆင်နိုင်သေးသည့် လူသားတစ်ဦးမှာ ကျွန်မဖြစ်သည်။


ညသည် တိတ်ဆိတ်နေမြဲ ဖြစ်သည်။ မိုးပေါက်ကျသံတို့ တဖြည်းဖြည်းချင်းကျဲပါးကာ တိုးလျလာသည်။ လမ်းမီးက လင်းနေဆဲ။ မှောင်မည်းသော အိပ်ခန်းအတွင်းမှ နာကျင်ကိုက်ခဲခြင်း တပွေ့ တပိုက်နှင့် ကျွန်မ  အတွေးခရီးဆန့် နေခြင်းကို အိပ်ချင်စိတ်က အနိုင်ယူလေပြီ။ အိပ်စက်ခြင်းကို ပြန်ပြီး အစပြုရပေဦးမည်။