ကျွန်မတို့နေထိုင်တဲ့ ကမ္ဘ္ဘာမြေမှာ ကောင်းကင်တစ်ခုတည်းရှိတယ်လို့ ယုံကြည်ပါသလား။
ကျွန်မက မယုံကြည်ပါဘူး။
ကျွန်မမြင်ခဲ့ဖူးတဲ့၊ ကျွန်မပိုင်ဆိုင်ခဲ့ဖူးတဲ့ (သို့မဟုတ်)ပိုင်ဆိုင်တယ်လို့ အထင်မှားခဲ့ဖူးတဲ့ ကောင်းကင်က အခုမြင်နေရတဲ့ ကောင်းကင်မဟုတ်ပါဘူး။
အဲဒါကြောင့် ကောင်းကင်ဆိုတာ တစ်ခုတည်း မဟုတ်ဘူးလို့ ကျွန်မယုံကြည်ထားပါတယ်။
ကျွန်မရဲ့ကောင်းကင်က အခုလို မှုန်မှိုင်းနေတာမဟုတ်ဘူး။ အခုကောင်းကင်က မီးခိုတွေ မြူတွေ ပြည့်ပိတ်နေသလို ထိုင်းထိုင်းမှိုင်းမှိုင်းနိုင်လွန်းတယ်။
တိမ်တွေကလည်း မလှမပ မထင်မရှားနဲ့။
နေရောင်က နည်းနည်းလေးလင်းလာလိုက် ပြန်မှိန်သွားလိုက်နဲ့။
လူသားတစ်ယောက်ကို တက်ကြွလန်းဆန်းမှု မပေးနိုင်တဲ့ ကောင်းကင်ပါ။
ကျွန်မရဲ့ကောင်းကင်ကတော့ ဒါတွေနဲ့ ပြောင်းပြန်ပေါ့။
ကျွန်မရဲ့ကောင်းကင်က ကြည်လဲ့သန့်စင်တဲ့ အပြာရောင်စစ်စစ်ပါ။
ညီညာပြန့်ပြူးတဲ့ အသွင်လည်းရှိတယ်။
နေရောင်ကလည်း လင်းလင်းချင်းချင်းတောက်ပတယ်။
အဖြူဖွေးဖွေးတိမ်တိုက်တွေကလည်း သိပ်ကိုလှတယ်။အိစက်နူးညံ့တဲ့ ဝါဂွမ်းတွေကို အထပ်လိုက် အထပ်လိုက် နေရာချထားသလိုပါပဲ။
ကောင်းကင်ရဲ့အရှေ့ဘက် အနားသတ်နေရာမှာ ရှမ်းတောင်တန်းကြီး ရှိတယ်။
စိမ်းညို့ပြီး မြင့်မားလွန်းတဲ့ တောင်တန်းကြီးနဲ့ သူ့ အပေါ်မှာမိုးထားတဲ့ အပြာရောင်တောက်တောက်ကောင်းကင်ကြီး ။ တစ်ခါတလေ ငှက်ကလေးတွေ ပျံသန်းတယ်။ တစ်ခါတလေ တိမ်တိုက်ထူထူတွေ တစ်အုပ်လိုက်ကြီး တောင်တန်းပေါ်မှာ မှေးတင်နေတယ်။
အဲဒီအတွဲအဖက်ဟာ ကျွန်မအတွက် အဖိုးအတန်ဆုံးသော ပန်းချီကားတစ်ချပ်ဖြစ်ခဲ့တယ်။
ညဘက်ဆိုရင်လည်း ကျွန်မရဲ့ကောင်းကင်က ပိုပြီးနက်မှောင်တယ်။ အနက်ရောင်စစ်စစ်မဟုတ်ဘူး။
အနက်ရောင်ကဲတဲ့ နက်ပြာရောင်ကတ္တီပါတစ်စလိုပဲ မှောင်ပေမယ့် စိုပြီးလက်နေတယ်။
ကြယ်ပေါက်စလေးတွေ ကြယ်အရွယ်တော်တွေ ကြယ်အကြီးတွေလည်း အများကြီးရှိတယ်။
လပြည့်တဲ့ညမျိုးတွေဆို ကြယ်တစ်ပုံတစ်ပင်နဲ့ လမင်းကြီးတို့အဖွဲ့ဟာ ကျွန်မတို့လူတွေအပေါင်းအသင်းအစုံအလင်နဲ့ အပျော်ခရီးထွက်နေကြတဲ့ အတိုင်းပဲ။
လေအေးအေးတွေ ခပ်ဖြည်းဖြည်းတိုက်တဲ့ ညဆိုရင် ယုဇနပန်းနံ့တသင်းသင်းနဲ့ အဲဒီကောင်းကင်ဟာ ပိုပြီးကဗျာဆန်ခဲ့တယ်။
အဲဒီကောင်းကင်ဟာ ကျွန်မအိပ်မက်တွေထဲအထိ လိုက်ပြီးအိပ်စက်တတ်ခဲ့တယ်။
အဲဒီကောင်းကင်ဟာ ကျွန်မသီချင်းတွေကိုလည်း အတူတူလိုက်ဆိုခဲ့ဖူးတယ်။
အဲဒီကောင်းကင်ဟာ ကျွန်မတစ်သက်လုံးအပိုင်ရမယ်လို့ ယုံကြည်ခဲ့ပေမယ့် အခု ကျွန်မဆီမှာ မရှိတော့တဲ့ ကောင်းကင်လည်းဖြစ်တယ်။
ကျွန်မရဲ့ကောင်းကင်ဟာ မထင်မှတ်တဲ့တစ်နေ့မှာ ထူးဆန်းစွာ ပျောက်ဆုံးခဲ့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီရက်တွေတုန်းက ပန်းတွေ တစ်ပွင့်မှ မပွင့်ကြဘူး။
လေတွေလည်းမတိုက်ဘဲ ငြိမ်သက်နေတယ်။
ခဏလေးအဝေးကို ထွက်သွားတာလို့ ထင်ခဲ့တယ်။
အရင်လိုပြန်ရမယ်လို့ထင်ခဲ့တယ်။
နည်းနည်းကြာလာတော့ ကျွန်မစိုးရိမ်လာတယ်။
တမင်တကာပုန်းရှောင်နေသလားလို့ တွေးမိပြန်တယ်။
ပုန်းနေတာဆိုရင်ရော ဘယ်လိုအကြောင်းအရင်းကြောင့်ဖြစ်နိုင်မလဲ။
ကျွန်မရဲ့ပူပင်သောကကို ကောင်းကင်အသစ်က ထပ်တိုးနှိပ်စက်တယ်။
ကျွန်မရဲ့ကောင်းကင်အသစ်ဟာ အရင်ကပြောပြခဲ့သလိုပဲ စိတ်ကြည်လင်ချမ်းမြေ့မှုမပေးနိုင်ခဲ့ဘူး။
ကောင်းကင်အဟောင်းကို ပိုလို့လွမ်းဆွတ်စေခဲ့တယ်။
နေ့ခင်းဘက်မှာ ရယ်သံတွေ တိုးတိတ်ခဲ့တယ်။
ညဘက်မှာ အိပ်မက်တွေခြောက်လှန့်တယ်။
သီချင်းသံမကြားရဘူး။
ကဗျာတွေမလှဘူး။
ကော်ဖီတွေလည်း အေးစက်ကုန်တယ်။
ကျွန်မရဲ့ကောင်းကင်ပျောက်ကွယ်သွားခြင်းက အဲဒီလောက်အထိ အကျိုးသက်ရောက်မယ် မထင်ခဲပေမယ့်
တကယ်ကိုအထိနာခဲ့တယ်။
အရိပ်လေးတစ်ပိုင်းတစ်စကိုတောင် အသေအချာမှတ်မိနေတဲ့ ကျွန်မဟာ ကောင်းကင်အဟောင်းလေးကို ပြန်ရှာတွေ့ခဲ့တယ်။
ကောင်းကင်အဟောင်းလေးက ကျွန်မနဲ့သိပ်ဝေးလွန်းနေတယ်။ သေးငယ်နေတယ်။
ကျွန်မရဲ့ကောင်းကင်အဟောင်းလေး နေရာအသစ်မှာ ပျော်ရွှင်နေမယ်ဆိုတာ ကျွန်မနှလုံးသားက အလိုလိုသိလိုက်တယ်။
အဲဒီလိုပဲ ကျွန်မရှိတဲ့နေရာကို ပြန်မလာနိုင်တော့ဘူးဆိုတာကိုလည်း အလိုလိုသိလိုက်ပါတယ်။
စိတ်မကောင်းဖြစ်မိပေမယ့် ကျွန်မကျေနပ်တယ်။
ကျွန်မရဲ့ကောင်းကင်လေး အရင်လို လွတ်လပ်လှပပျော်ရွှင်နေမယ်ဆိုရင် ကျွန်မကျေနပ်တယ်။
အခုဆိုရင် ကျွန်မရဲ့ကောင်းကင်အဟောင်းလေးက အစိမ်းရောင်ပြောင်းထားတယ်။
တကယ်လို့ အစိမ်းရောင်ကောင်းကင်တစ်ခုကို မတော်တဆတွေ့မိရင် ကျွန်မရဲ့ကောင်းကင်အဟောင်းလေးလို့ သတိရပေးပါ။
သြော် … မှားလို့  အစိမ်းရောင်ကောင်းကင်ဆိုတာ ကျွန်မတစ်ယောက်ပဲ မြင်နိုင်မှာပါတဲ့။
ကျန်တဲ့သူတွေအနေနဲ့ သူ့ကို ရိုးရိုးကောင်းကင်အပြာရောင်အတိုင်းပဲတွေ့ကြရမှာ။
ကျွန်မတစ်ယောက်တည်းအတွက် အစိမ်းရောင်ကောင်းကင်တစ်ခု အသေအချာရှိနေပါတယ်။