Sunday, September 21, 2014

မြောက်ဖျားက အလွမ်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စာရေးဆရာမ စံပယ်ဖြူနုရဲ့မြောက်ဖျားက အလွမ်းရာသီ ကို မထင်မှတ်ဘဲဖတ်ဖြစ်ခဲ့တယ်။

စံပယ်ဖြူနုက ရွှေအမြုတေမှာ အမြဲလိုလို ဝတ္ထုတွေရေးနေတဲ့သူမို့ သူရေးတဲ့ဝတ္ထုစာအုပ် အထူကြီးကို မြင်လိုက်ရတော့ အရမ်းဖတ်ချင်သွားတယ်။
လူငယ်စာရေးဆရာမရဲ့ရသဝတ္ထုအရှည်ဖြစ်လို့ စိတ်ဝင်စားခဲ့ရပါတယ်။

ငယ်စဉ်က မိသားစုအပေါ် (အထူးသဖြင့်အဖေမိထွေးနဲ့သူတို့ သမီးလေး) အကောင်းမမြင်နိုင်ခဲ့သူ၊
အိမ်နဲ့ဝေးရာမှာနေရင်းက အဖေတူအမေကွဲ ညီမငယ်လေး စစ်ဘေးဒုက္ခသည်စခန်းမှာရောက်နေလို့ သမီးကြီးရှာပေးပါလို့ အကူအညီတောင်းလာတဲ့အခါ
အဖေ မိထွေးနဲ့ ညီမအပေါ်အရင်ကဆိုးခဲ့တာတွေ ပေးဆပ်လိုတဲ့စိတ်အပြင်
အေးစက်စိမ်းကားသလိုထင်ရပေမယ့် သွေးသားအပေါ် တွယ်တာစိတ်ရှိတဲ့သူဟာ ကချင်ပြည်က စစ်ဘေးဒုက္ဂသည်စခန်းတွေမှာညီမကို လိုက်ရှာခဲ့ပါတယ်။

စစ်ရဲ့ဆိုးကျိုး စစ်ကြောင့်သေကျေပျက်ဆီးရတာ
နာကျင်ခံစားရတာ ကွဲကွာကြရတာတွေအပြင်
တောင်ပေါ်ဒေသအလှအပ၊ ဓလေ့ရိုးရာ၊
စကားအသုံးအနှူံး အသေအချာရေးဖွဲ့နိုင်ခဲ့တယ်။
ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်လေ့လာပြီး ရေးခဲ့တယ်လို့ လည်းသိရတယ်။

တချို့အခန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို ဖွဲ့နွဲ့ထားတာတွေများနေ ထပ်နေသလို ခံစားရတယ်။
ဇာတ်ဆောင် နွယ် ရဲ့ငယ်သူငယ်ချင်းရဲ့ဘဝအဖြစ်အပျက်က
ညီမဖြစ်သူ အဆိုင်း ရဲ့အဖြစ်အပျက်နဲ့ နည်းနည်းပဲ ကွာခြားချက်ရှိတာကိုလည်း စာအုပ်ပြီးသွားတဲ့အချိန်ပြန်တွေးမိတော့ သိပ်သဘောမကျလှဘူး။
ဝတ္ထုနောက်ပိုင်းအခန်းတွေမှာ ဇာတ်သိမ်းကို ခန့် မှန်းလို့ ရနေတာကိုလည်း ဘဝင်မကျမိပြန်ဘူး။

ရိုးသား သွက်လက်ပြီး ကူညီဖေးမစိတ် အပြည့်ရှိတဲ့ အဒွဲ ဆိုတဲ့ ကချင်အမျိုးသမီးလေးကိုတော့ ဒီဝတ္ထုမှာ အကြိုက်ဆုံးပါ။
ဒုက္ခသည်စခန်းတွေမှာ နှစ်သိမ့်ဆွေးနွေးပညာပေးအလုပ်တွေ လုပ်ကိုင်နေတယ်။
စိတ်ဓာတ်မြှင့်တင်ရေးစကားဝိုင်းလေးတွေသွားလုပ်ပေးတယ်။
ကြီးကြီးမားမားအဖွဲ့အစည်းမဟုတ်ဘဲ စိတ်တူသူငယ်ချင်းတွေစုပေါင်းလုပ်ကြတယ်။
လေးစားစရာလည်းကောင်းသလို အားလည်းအားကျရပါတယ်။


Friday, September 5, 2014

အိပ်မက်နှင်း

ကျွန်မတို့ မန္တလေးမြို့ ၏ ဆောင်းတွင်းသည် နှင်းများထူထပ်စွာ မကျဆင်းတတ်ပါ။
အေးစက်စိုစွတ်သော လေထုဖြစ်ပေါ်စေရုံဖြင့် နှင်းကျကြောင်းသိသာစေသည်။
မှုန်မှိုင်းအုံ့ ဆိုင်းသော ၀န်းကျင်တစ်ခု ဖြစ်စေရုံဖြင့် နှင်းကျကြောင်း သိသာစေသည်။
အိမ်တံစက်မြိတ်အစွန်း (သို့ မဟုတ် ) ရေတံလျှောက်အစွန်းမှ အရည်ပျော်ကျခြင်းဖြင့်လည်း နှင်း၏အငွေ့ အသက်ကို မြင်တွေ့ ရသည်။

နှင်းကို သိပ္ပံသဘောတရားအရ  မည်ကဲ့သို့ ဖွဲ့ စည်းတည်ဆောက်ထားသည်ကို ကျွန်မ မသိပါ။
ကမ္ဘာမြေကြီး၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကိုလည်း ကောင်းစွာနားမလည်ပါ။
သို့ သော် အလယ်ပိုင်းမိုးနည်းဒေသတွင် တည်ရှိသော ကျွန်မတို့ မန္တလေးမြို့ သည်  နှင်းထုသိပ်သည်းမှု မရှိနိုင်သည်ကိုတော့ သေချာနားလည်ပါသည်။
ကျွန်မမြင်ဖူးသော နှင်းများသည် ဖန်သားပြင်ထက် ၊ ပုံနှိပ်စာမျက်နှာများထက်တွင်သာ ရှိသည်။
နှင်းများဖုံးလွှမ်းနေသော တောင်စဉ်တောင်တန်းများကို တွေ့ ဖူးသည်။
နှင်းထု ထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းပိတ်သည့် သတင်းများဖတ်ဖူးသည်။
နှင်းများကြားမှ အိမ်များ ကားများကို မြင်ဖူးသည်။
မိုးရွာသလိုရွာကျနေသော နှင်းပွင့်များကြားတွင် လက်တွဲလျှောက်လှမ်းနေကြသော ချစ်သူစုံတွဲများ၏ ဇာတ်ဝင်ခန်းအမျိုးမျိုးကိုလည်း ကြည့်ဖူးလေသည်။



ဖြူဖွေးအေးစက်သော နှင်းများကို ကျွန်မအိပ်မက်မက်လေ့ရှိသည်။
ခြေသလုံးတ၀က်လောက်ထိမြှုပ်နေသော နှင်းများကြားတွင် လမ်လျှောက်နေသည်။
လက်၂ဖက်ကို ဆန့် ကာ ခေါင်းကိုမော့၍ နှင်း၏ စိုစွတ်အေးမြကို ကျေနပ်စွာခံစားသည်။


နှင်းတွေ ပြည့်သိပ်နေအောင် ကျသော အရပ်ဒေသတစ်ခုတွင် ခဏတဖြုတ်နေခွင့်ရချင်သည်။
ဖြူလွကာ အေးစက်နေသော နှင်းမှုန်များကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ချင်သည်။
နှင်းဘောလုံးလုပ်ကာ ပစ်ပေါက် ကစားချင်သည်။
နှင်းလူ အရုပ်တစ်ခုလောက် လှလှပပ ပုံဖော်ကြည့်ချင်သည်။
စွဲလမ်းဖူးသော ကိုရီးယားဇာတ်ကားထဲကလို
သစ်ပင်အကိုင်းတွေကို ဆွဲလှုပ်ရမ်းကာ တဖွဲဖွဲကြွေကျသော နှင်းတွေကြားမှာ ပျော်ရွှင်ကြည့်ချင်မိသည်။
နှင်းသည် အိပ်မက်၏ တစ်စိတ်တစ်ဒေသဖြစ်လေသည်။

ပြောင်းလဲခြင်းများစွာ

၎နှစ်နီးပါး တက်ရောက်ပညာသင်ယူခဲ့သော ကျောင်းတော်ကြီး( မန္တလေးကွန်ပျူတာ တက္ကသိုလ် - ဒဟတ်တော) ကို ခဏတဖြုတ် အလည်အပတ်သွားဖို့  မကြာခဏ စိတ်ကူးပေါ်ဖူးပေမယ့် ကိုယ်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တဲ့ ကိစ္စမို့ လို့ အသာလေးငြိမ်နေလိုက်မိတယ်၊

ဟော…အခု သွားဖို့ အခွင့်အရေးရလာပြန်တော့လဲ ဆိုင်မှာလုပ်နေကျ အလုပ်လေးတွေ မပြတ်မှာစိုးလို့ လိုက်ဖို့ မလိုက်ဖို့ ကို ချီတုံချတုံ ဖြစ်နေပြန်ရော ၊ စီနီယာ အကိုကြီးတွေနဲ့ သူငယ်ချင်း သင်းမြ တိုက်တွန်းလို့ သွားမယ့်မနက်ရောက်မှပဲ လိုက်ဖို့ သေချာခဲ့တော့တယ်။
တကယ်ဆို ကျောင်းကိုပြန်မရောက်ဖြစ်တဲ့ နှစ်တွေလဲ မနည်းတော့ဘူး ၊ ကျောင်းသင်ဘာသာရပ်နဲ့ မဆိုင်တဲ့အလုပ်ကို လုပ်နေတော့ ကျောင်းကြီးရော ကျောင်းစာတွေရော ကိုယ်နဲ့ အလှမ်းဝေးတဲ့ နေရာမှာ ရောက်နေတယ်။ “မန်းမြန်မာ ဈေးချိုပလာဇာ” ရှေ့ ကဖြတ်မိရင်တော့  တို့ တွေကျောင်းကားစီးခဲ့ ဖူးတဲ့ နေရာပဲ လို့ သတိတရ ရှိတတ်ပါတယ်။

ဒီလိုနဲ့ ပဲ မနက်၁၀နာရီလောက် ကျောင်းဘက်ကို ကား၂စီးနဲ့ ထွက်လာခဲ့ ကြတယ်။ပထမဆုံးသတိထားမိတာကတော့ လူတွေ များလာတာကိုပါ၊မန္တလေး-မတ္တရာ ကားလမ်းမကြီး တစ်လျှောက်မှာ အရင်က ဒီလောက်လူအသွားအလာမများဘူး။ အခုတော့ အိမ်တွေ ကတန်းစီပြီး ရွာဆက်မပြတ်ဘူး။ ကြာနီကန်ကို မရောက်ခင်အထိက မန္တလေးနဲ့ တစ်ဆက်တည်းလိုပဲ။ နောက်ထပ်များလာတာက စက်သုံးဆီအရောင်းဆိုင်တွေပဲ၊ဆိုင်အကြီးစားကြီးတွေ ၁၀ဆိုင်လောက်တွေ့ ခဲ့ ရတယ်၊ ပုလင်းလေးတွေ တန်းစီထောင်ထားတဲ့ ဆိုင်သေးလေးတွေကတော့ လက်ညှိုးထိုးမလွဲပဲ ။ လမ်းအသုံးပြုခကောက်တဲ့ ဂိတ်လဲ အသစ်ပြင်ထားတယ်။

ရွာကြီးဖြစ်တဲ့ ကြာနီကန်ကလဲ အရင်ကထက်ပိုပြီးစည်ကားလာတယ်၊အိမ်တွေ ဈေးဆိုင်ခန်းတွေ ရုံးတွေ များလာလိုက်တာ။ကြာနီကန်ကို ကျော်တော့ သစ်ပင်တွေ ပိုပြီးအုံ့ အုံ့ ဆိုင်းဆိုင်းဖြစ်လာတယ်၊ ကားလမ်းမပေါ်မှေးတင်နေတဲ့ အဆောက်အဦတွေရဲ့ နောက်ကျောဖက်မှာတော့ လယ်ကွင်းတွေက တစ်မျှော်တစ်ခေါ်စိုပြေလွင်နေဆဲပါပဲ။

လင်းမြွေချောင်းရွာ …ဆိုင်းဘုတ်ကို မြင်လိုက်တော့ ပြောင်းလဲခြင်းဆိုတာကိုကောင်းကောင်းသိသွားတယ်။ဧရာမဓါတ်ဆီဆိုင်ကြီး တစ်ဆိုင်ရယ် အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေရယ်ဟာ အသိသာဆုံးပါပဲ။ရှေ့ မှာရောက်လာမယ့် ဒဟတ်တောကရော ဘာတွေပြောင်းနေမှာပါလိမ့်….

တစ်ကယ်ပြောင်းလဲနေတဲ့ ဒဟတ်တောကိုမြင်တော့လဲ မအံ့သြတော့ပါဘူး။လွန်ခဲ့ တဲ့ ၁၀နှစ်က ဒဟတ်တောရွာနဲ့ အခုဒဟတ်တောက ဘာမှမဆိုင်သလိုပါပဲ။ ကျောင်းနေတုန်းက သိပ်ကျယ်တယ်ထင်တဲ့ မြေလမ်းမကြီးဟာ ဆိုင်ခန်းတွေ၊အိမ်တွေ၊စိုက်ခင်းတွေ၊ပျိုးခြံတွေကြောင့် ကျဉ်းသွားသယောင်၊ဒဟတ်တော ကျောင်းသားကျောင်းသူတိုင်းရဲ့ အထင်ကရ မြောင်းဘောင်ပေါ်က ကားဂိတ်နဲ့ အပင်အောက်က ငှက်ပျောပေါင်း၊ကော်ပြန့် ကြော်ဆိုင်လေးလဲ ဘယ်ဆီဘယ်ဝယ် …….

ဆည်တော်ကြီး တူးမြောင်းကို တံတားနဲ့ ဖြတ်ပြီး ကျောင်းဝင်းထဲကိုရောက်ခဲ့ ရပါတယ်။
နာမည်ကျော် ဘောလုံးကွင်းလေးလဲ တောအုပ်ကလေးဖြစ်လို့ နေပါတယ်၊
Main လမ်းမကြီးကလဲ ကွင်းပြင်ထဲကလမ်းကျယ်ကြီးမဟုတ်တော့ဘဲ သစ်ပင်အုပ်တွေထဲက သစ်တောလမ်းကလေး ဖြစ်နေလေရဲ့ 
အရင်က ကျောင်းဆင်းရင် သီချင်းတွေ အော်ဆိုရင်းလျှောက်ခဲ့ ဖူးတဲ့ လမ်းမကြီးထက်ကျဉ်းသွားသယောင်၊
အလံတိုင်စိုက်ထားတဲ့ မြက်ခင်းပြင်ကတော့ စိမ်းစိုဆဲပါ၊
အရင်က ဒူးလောက်ရှိတဲ့ ပန်းခြုံလေးတွေက အခု လူတစ်ရပ်နီးပါး၊
အရင်လူတစ်ရပ်နီးပါးမြင့်တဲ့ တောင်ထန်းပင်တွေက အခုတော့ ၃ထပ်အဆောက်အဦရဲ့  အမိုးကိုကျော်လုပြီ။



မောင်မယ်သစ်လွင်ကြိုဆိုပွဲနဲ့ ဆုပေးပွဲကျင်းပနေတဲ့ ဒုတိယထပ်က Hall ထဲကိုဧည့်သည်တစ်ယောက်အနေနဲ့ ဝင်ထိုင်ပြီး ကလေးတွေကို အားပေးခဲ့ သေးတယ်၊
ကျောင်းတော်ကြီးရဲ့ မျိုးဆက်သစ်တွေက ဆုတွေယူကြ ဆိုကြ ကကြ ဓါတ်ပုံတွေရိုက်ကြ ပျော်နေကြတယ်၊
ကိုယ်လဲ အားကျမခံ ဓါတ်ပုံတွေလျှောက်ရိုက်လာခဲ့ တယ်၊
ကျောင်းကကျွေးတဲ့ နေ့ လည်စာကိုစား ကော်ဖီသောက်ပြီး ပြန်ဖို့ ပြင်ကြတော့တယ်။

အပြန်ကားပေါ်မှာ တော့ ကျောင်းတက်တုန်းက ဇာတ်လမ်းအစုံစုံ ဖြစ်ပျက်အဖုံဖုံကို တစ်ယောက်တစ်လှည့်ပြောကြတယ်။
ကျောင်းနေခဲ့တဲ့ အချိန်တွေပြန်တွေးလိုက် လက်ရှိပတ်ဝန်းကျင်ကို ငေးလိုက်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ကားပေါ်လိုက်လာရင်း မြို့ ထဲကိုပြန်ရောက်ခဲ့ တယ်။

တစ်ကယ်တမ်းကျတော့ ကျောင်းကြီး အပါအ၀င် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့ အရာ အားလုံးအားလုံးဟာ အချိန်နဲ့ အမျှပြောင်းလဲနေတာပါပဲ ။မတည်မြဲတဲ့လောကကြီးရဲ့ သဘာဝအရ ပြောင်းလဲနေရမှာပါပဲ၊ ဒါကို တစ်ခါတစ်လေ သတိထားမိပေမယ့် တစ်ခါတစ်လေမေ့လျော့နေတယ်။

အပြောင်းအလဲ နဲ့ ကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲ၊
ဘာတွေပြောင်းလဲနေတယ်၊ ဘယ်လိုပြောင်းလဲနေတယ် ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ဒီအပြောင်းအလဲကနေ ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲ၊
ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်လာအောင် ဘယ်လိုစီမံခန့် ခွဲရမလဲ…….
ဒါတွေကို သေသေချာချာ သဘောပေါက်အောင် လေ့ လာသင်ယူနေရဦးမှာပါပဲ လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိတယ်။

၁၀နှစ်နှီးပါး အကြာမှ ထပ်ပြီးရခဲ့ တဲ့ ကျောင်းတော်ကြီးရဲ့  သင်ခန်းစာ တစ်ခုပေါ့လေ။