ကျွန်မတို့ မန္တလေးမြို့ ၏ ဆောင်းတွင်းသည် နှင်းများထူထပ်စွာ မကျဆင်းတတ်ပါ။
အေးစက်စိုစွတ်သော လေထုဖြစ်ပေါ်စေရုံဖြင့် နှင်းကျကြောင်းသိသာစေသည်။
မှုန်မှိုင်းအုံ့ ဆိုင်းသော ၀န်းကျင်တစ်ခု ဖြစ်စေရုံဖြင့် နှင်းကျကြောင်း သိသာစေသည်။
အိမ်တံစက်မြိတ်အစွန်း (သို့ မဟုတ် ) ရေတံလျှောက်အစွန်းမှ အရည်ပျော်ကျခြင်းဖြင့်လည်း နှင်း၏အငွေ့ အသက်ကို မြင်တွေ့ ရသည်။
နှင်းကို သိပ္ပံသဘောတရားအရ မည်ကဲ့သို့ ဖွဲ့ စည်းတည်ဆောက်ထားသည်ကို ကျွန်မ မသိပါ။
ကမ္ဘာမြေကြီး၏ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကိုလည်း ကောင်းစွာနားမလည်ပါ။
သို့ သော် အလယ်ပိုင်းမိုးနည်းဒေသတွင် တည်ရှိသော ကျွန်မတို့ မန္တလေးမြို့ သည် နှင်းထုသိပ်သည်းမှု မရှိနိုင်သည်ကိုတော့ သေချာနားလည်ပါသည်။
ကျွန်မမြင်ဖူးသော နှင်းများသည် ဖန်သားပြင်ထက် ၊ ပုံနှိပ်စာမျက်နှာများထက်တွင်သာ ရှိသည်။
နှင်းများဖုံးလွှမ်းနေသော တောင်စဉ်တောင်တန်းများကို တွေ့ ဖူးသည်။
နှင်းထု ထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းပိတ်သည့် သတင်းများဖတ်ဖူးသည်။
နှင်းများကြားမှ အိမ်များ ကားများကို မြင်ဖူးသည်။
မိုးရွာသလိုရွာကျနေသော နှင်းပွင့်များကြားတွင် လက်တွဲလျှောက်လှမ်းနေကြသော ချစ်သူစုံတွဲများ၏ ဇာတ်ဝင်ခန်းအမျိုးမျိုးကိုလည်း ကြည့်ဖူးလေသည်။
ဖြူဖွေးအေးစက်သော နှင်းများကို ကျွန်မအိပ်မက်မက်လေ့ရှိသည်။
ခြေသလုံးတ၀က်လောက်ထိမြှုပ်နေသော နှင်းများကြားတွင် လမ်လျှောက်နေသည်။
လက်၂ဖက်ကို ဆန့် ကာ ခေါင်းကိုမော့၍ နှင်း၏ စိုစွတ်အေးမြကို ကျေနပ်စွာခံစားသည်။
နှင်းတွေ ပြည့်သိပ်နေအောင် ကျသော အရပ်ဒေသတစ်ခုတွင် ခဏတဖြုတ်နေခွင့်ရချင်သည်။
ဖြူလွကာ အေးစက်နေသော နှင်းမှုန်များကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ချင်သည်။
နှင်းဘောလုံးလုပ်ကာ ပစ်ပေါက် ကစားချင်သည်။
နှင်းလူ အရုပ်တစ်ခုလောက် လှလှပပ ပုံဖော်ကြည့်ချင်သည်။
စွဲလမ်းဖူးသော ကိုရီးယားဇာတ်ကားထဲကလို
သစ်ပင်အကိုင်းတွေကို ဆွဲလှုပ်ရမ်းကာ တဖွဲဖွဲကြွေကျသော နှင်းတွေကြားမှာ ပျော်ရွှင်ကြည့်ချင်မိသည်။
နှင်းသည် အိပ်မက်၏ တစ်စိတ်တစ်ဒေသဖြစ်လေသည်။

No comments:
Post a Comment