Sunday, March 8, 2015

ကျွန်မ၏ အဝေးဆုံးအရပ်က ပန်းကလေးများ

ပန်းတွေကို ဘာလို့ သဘောကျနှစ်သက်တတ်ခဲ့သလဲ။
ဖိအားတွေများလှတဲ့ လူ့ဘဝမှာ စိတ်ရောကိုယ်ပါ ပင်ပန်းမွန်းကျပ်မှုတွေကနေ
ရှောင်ထွက်လို့ရတဲ့ စိတ်ဖြေရာတစ်ခုအဖြစ် ပန်းကလေးတွေကို ရွေးချယ်ခဲ့တာ။
ပန်းကလေးတွေကို အသုံးချခံ အဖျော်ဖြေခံ ပစ္စည်းတစ်ခုအနေနဲ့သဘောထားခဲ့ခြင်းတော့ မဟုတ်ရပါ။
အသေအချာတန်ဖိုးထားပြီး ချစ်ခင်ပါတယ်။
ပန်းကလေးတစ်ပွင့်ကစလို့ ပန်းအိုးတွေ ပန်းစည်းတွေ ပန်းခင်းကြီးတွေအထိ
ကျွန်မတို့ စိတ်တွေကို သာယာချမ်းမြေ့စေတယ်။
ကမ္ဘ္ဘာပေါ်မှာ ပန်းအမျိုးအစားပေါင်းဘယ်လောက်ရှိမလဲ ကျွန်မမမှန်းတတ်ပါ။
မြန်မာနိုင်ငံမှာတင် တော်တော်များပါတယ်။
တော်တော်များပေမယ့်လည်း တချို့ပန်းတွေက ကျွန်မနဲ့လက်လှမ်းတမှီမှာ ရှိမနေခဲ့ပါဘူး။

ကျွန်မနဲ့အလှမ်းဝေးသော ပန်းကလေးများစာရင်းမှာ တောင်ဇလပ်ပန်းပါတယ်။
ချင်းတောင်တန်းရဲ့အထိမ်းအမှတ်ပန်းက ပြောစရာမလိုအောင် အလှမ်းဝေးလှပါတယ်။
တောင်ဇလပ်ပန်းကို အဖြူနဲ့အနီ၂မျိုးမြင်ဖူးထားတယ်။
အပင်မြင့်မြင့်မှာ အဆုပ်လိုက်ပွင့်တဲ့ အနီရဲရဲတောင်ဇလပ်ပန်းတွေဟာ သိပ်ကိုလှပါတယ်။
~~~နံ့သာရနံ့မကြွယ်လေတော့ တောင်ဇလပ်ပန်းလေးမျက်နှာငယ်~~~
အဲဒီသီချင်းလေးအတိုင်းဆိုရင် တောင်ဇလပ်ပန်းဟာ အနံ့မမွှေးဘူးပေါ့။
ဒါပေမယ့်လေ တိမ်တိုက်တွေရဲ့အပေါ်ကတောင်တန်း၊
တောင်တန်းတွေပေါ်က တောင်ဇလပ်၊
အဲဒီလို အလှအပမျိုး
အဲဒီလို ရှုခင်းမျိုးကို မြင်ရတဲ့အခါ
တောင်ဇလပ်တွေ အနံ့မမွှေးတာကို အမှတ်မထားချင်တော့ပါ။
တိမ်တွေကိုကျော်လို့ သူတို့ ရှိတဲ့နေရာကိုသာ အရောက်သွားချင်နေမိတော့တယ်။
(၂)
ချစ်သူလား… … စကားတစ်ပွင့် ပွင့်ခဲ့တယ်"
ဆရာမဂျူးက အဲဒီဝတ္ထုထဲမှာ စကားပင်တွေအကြောင်း စကားပန်းတွေအကြောင်းကို ဇာတ်လမ်းဖွဲ့ ရေးပြသွားတယ်။
စကားအမျိုးအစားတွေအများကြီးရှိတယ်။
ကျွန်မမြင်နေကျ စကားမျိုးက စကားဝါ။
ပုပ္ပားဘက်မှာ ပေါပေါများများတွေ့ရတဲ့ စကားဝါ။
ဒဏ္ဍာရီတွေထဲက စကားဝါ။
စကားဝါတစ်မျိုးကလွဲလို့ တခြားစကားတွေကို မမြင်ဖူးသေးဘူး။
သူကလည်း အလှမ်းဝေးပန်းများစာရင်းထဲက တစ်ခု။

(၃)
အရွက်ရှည်ရှည်နဲ့ ရိုးတံရှည်ရှည်က စိမ်းစိုပြီးတောက်ပတယ်။
အနီရောင် အဝါရောင် အဖြူရောင် ပန်းခရမ်းရောင်ရှိတဲ့ ပန်းပွင့်တွေက နေရောင်အောက်မှာ လင်းလက်ပြီး တောက်ပတယ်။
ကျူးလစ်တွေ
သိပ်လှတဲ့ ကျူးလစ်တွေ
မျက်လုံးထဲမှာရော စိတ်ထဲမှာပါအမြဲစွဲနေတဲ့ ကျူးလစ်တွေလေ။
ကျူးလစ်တွေက ဘယ်လိုအနံ့မျိုးရှိသလဲသိချင်မိတယ်။
ကျူးလစ်တွေက အပြင်မှာရော သိပ်လှတာပဲလားသိချင်မိတယ်။
ဆရာမသက်ဝေရဲ့ ကျူးလစ်ပန်းခံစားချက်က စိတ်ထဲကို အလိုလိုရောက်လာတယ်။
(စာရေးခြင်း၊စာဖတ်ခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊သတိရလွမ်းဆွတ်ခြင်း၊ပျော်ရွှင်ကြည်နူးခြင်း၊ ထိခိုက်ကြေကွဲခြင်း အစရှိသော ခံစားမှုများထက်
ကျူးလစ်ပန်းများကို တမေ့တမောငေးမောနေရခြင်းက ပိုအရသာရှိပြီး ပိုစွဲမက်ဖွယ်ဖြစ်လို့ နေခဲ့ပါသည်။
စိတ်ထဲတွင် ပြောချင်စရာ ချရေးချင်စရာ စကားလုံးများ ပေါ်လာတိုင်း ကျူးလစ်ပန်းကလေးများကို တီးတိုးပြောပြဖြစ်မည်ဟု ယုံကြည်နေပါသည်။
သေချာသည်ကတော့ ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက်တွင် ဖွဲ့သီပြ၍မမှီနိုင်အောင် လှပနူးညံ့သော ချစ်ခြင်းများရှိနေပါသည်။)

(၄)
အဆုံးအစမရှိ ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှနေသော
ခရမ်းပြာရောင် လာဗင်ဒါပန်းခင်းတွေကို ရင်းရင်းနှီးနှီးမြင်ဖူးကြပါလိမ့်မယ်။
ကျွန်မစိတ်ထင်တော့ လာဗင်ဒါတွေဟာ မြက်ပင်ရှည်တွေလို
ပျော့ပျော့ပျောင်းပျောင်း သွယ်သွယ်လျလျလေးတွေဖြစ်မယ်။
လေတိုက်တဲ့အခါ ယိမ်းနွဲ့နေတတ်ပြီး သိပ်လည်းမွှေးမယ်ထင်ပါတယ်။
အလှအပ အမွှေးနံ့သာနဲ့ ပတ်သက်တဲ့ လူသုံးပစ္စည်းတွေမှာ
လာဗင်ဒါကို သုံးကြတာတွေ့ဖူးပါလိမ့်မယ်။


(၅)
Calla ပန်းလေးတွေ နေ့စဉ်ပို့ ပေးနေတဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်ကို
မသိမသာစုံစမ်းရင်း ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တဲ့ ပန်းဆိုင်က မိန်းကလေးကိုချစ်မိသွားတယ်။
ရုတ်တရက် အဲဒီမိန်းကလေးသေသွားပြီးတဲ့နောက်မှာမှ
သူ့ ဆီကို ပန်းတွေပို့ တာ တခြားမိန်းကလေးတစ်ယောက်ဆိုတာသိလိုက်ရတယ် … …
Calla ဆိုတဲ့ ကိုရီးယားရုပ်ရှင်လေးပါ။
Calla ပန်းတွေက ဇာတ်ပို့ ပေါ့။
ကိုရီယားရုပ်ရှင်တွေထဲမှာ Calla ကို မကြာခဏတွေ့ရတယ်။
မကြာခဏတွေ့ရာကနေ သတိထားမိ။
သတိထားမိရာကနေ သဘောကျမိတယ်ပေါ့။

ဟိုဟိုဒီဒီ လျှောက်နှိပ်ကြည့်တော့ အရွက်စိမ်းစိမ်းကြီးကြီးနဲ့ ပုံစံဆန်းတဲ့ ပန်းပွင့်တွေကို တွေ့တယ်။
အဖြူရောင် ပန်းရောင် အဝါရောင်တွေ ပွင့်တတ်တယ်။
အအေးပိုင်းတွေမှာပွင့်တတ်တယ်။
ပြန်လည်မွေးဖွားအသက်ဝင်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် အသုဘအခမ်းအနားတွေမှာလည်း အသုံများပါတယ်။
Callaဟာ တခါတရံအဆိပ်အတောက်ဖြစ်တတ်ပါတယ်တဲ့။
အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ကလေးငယ်တွေရှိတဲ့အခါမျိုးမှာ သတိထားရပါမယ်တဲ့။
"Original meaning of Calla Lily is magnificent beauty.
And it represents virtue and purity."

No comments:

Post a Comment